Tuesday, April 12, 2016
ဆေးဖက်ဝင် အလိုကျူပင် ~~~~~~~~~~~~~~~~~ အလိုကျူပင်များသည် မြက်မျိုးရင်းတွင် ပါ၏။ ရုက္ခဗေဒအမည် Arundo Donax Linn ဟုခေါ်သည်။ မြက်ပင်မျိုးဖြစ်၍ ကျူပင်နှင့်တူသည်။ နှစ်ရှည်စွာ ခံသည်။ အမြင့်ပေ ၁၈ ပေထိ မြင့်သည်။ မြေအောက်တွင် အမြစ်အုံရှိ၏။ ပင်စည်တွင် အခေါင်းပေါက် ပါရှိ၏။ အရွက် များ ရွက်လွဲထွက်သည်။ ၁ ပေမှ ၂ ပေထိ ရှည်သည်။ ရွက်ပြားချော၏။ သေး၍ ရှည်ပြီး အဖြားချွန်သည်။ ရွက်ရင်း၌ အမွေးနုကလေးများပါရှိသည်။ အပွင့်များသည် အညိုရောင်ဖြစ်ပြီး အခိုင်လိုက်ပွင့်သည်။ ကိုင်းပွင့်နှင်တူသည်။ အလေ့ကျပေါက်သောအပင်ဖြစ်၏။ အထက် မြန်မာပြည် ဗန်းမော်၊ ကသာ စသည့် မြို့များတွင် များစွာ ပေါက်သည်ကို တွေ့ရှိရ၏။ ဆေးဖက်တွင် အမြစ်အုံကို အသုံးပြုကြ၏။ မြန်မာ့ဆေးကျမ်းများအလိုအရ အလိုကျူ၏ အကျိုးသွား အာနိသင်မှာ အေး၏၊ ချို၏၊ ဖန်၏၊ ခါး၏။ ၀မ်းမီးကိုတောက်စေ၏။ လေသလိပ်ကို ကြေစေ၏။ သည်းခြေကို ပယ်တတ်၏။ သွေးဖောက်ပြန်ခြင်းကို ပျောက်ကင်းစေတတ်၏။ နှုတ်ကို မြိန်စေ၏။ ဆီးကို ရွှင်စေ၏။ သုက်ကို ပွားစေ၏။ အသက်ရှူအား ကောင်း၏။ နှလုံး၊ ဆီးအိမ်၊ သားအိမ်တို့၌ ပူခြင်း၊ ကိုက်ခဲခြင်းများကို ပျောက်ကင်းစေ၏။ ရေယုန်ရောဂါကိုလည်း ပျောက်ကင်းစေ၏။ ဆေးဖက်ဝင် အသုံးပြုပုံ -------------------------- (၁) ညောင်းကျရောဂါနှင့် ဆီးရောဂါများအတွက် အမြစ်အုံ ပြုတ်သောက်က ပျောက်၏။ (၂) အမျိုးသမီးများ ရိဖြူ၊ ရိနီ ဆင်းပါက အလိုကျူပြုတ်ရည် ၅ ကျပ်သား၊ ကြွေပုတ်မှုန့် ၁ ကျပ်သား ရောထည့်သောက်က ပျောက်၏။ (၃) အလိုကျူရွက်ခြောက်ကို လက်ဖက်ခြောက်ဖြင့် ရော၍ သောက်ပေးပါက ကာမကို တိုးပွားစေပြီး ညောင်းညာကိုက်ခဲခြင်းများ ပျောက်၏။ (၄) ဆီးရောဂါအမျိုးမျိုးနှင့် မီးယပ်ရောဂါများအတွက် အလိုကျူ ၁၀ ကျပ်သား၊ ကြွေပုတ် ၅ ကျပ်သား၊ သိန္ဓော ၂ ကျပ်သား ဆင်နှာမောင်း ၅ ကျပ်သား၊ လိပ်ကျောက်ဆူး ၁ ကျပ်သား ရော၍ အမှုန့်ပြုပြီးလျှင် ၁ ကျပ်သားခန့် နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် သောက်ပေးခြင်းဖြင့် ပျောက်ကင်းစေပါသည်။ ဆီးကျောက်တည် ရောဂါ၊ ဒူလာသွေးဝမ်းသွားခြင်းများပါ ပျောက်ကင်းနိုင်ပါသည်။ Credit: Dr-Thet Swe
Subscribe to:
Post Comments (Atom)
No comments:
Post a Comment