Tuesday, January 19, 2016

သံဖြူဇရပ် ဒဏ္ဍာရီထဲက ရတနာသိုက်


မိန်မလာတောင် ဆိုတာ မွန်ပြည်နယ် သံဖြူဇရပ် - ရေးကားလမ်း ရဲ့ သံဖြူဇရပ် ကနေ ရေးဘက် အထွက်ကားလမ်း ညာခြမ်းမှာ ရှိတယ်။ မိန်မလာတောင်နဲ့ပတ်သက်ပြီးတော့ ဒဏ္ဍာရီဆန်ဆန်ပုံပြင်တွေ ခဏခဏ ကြားရတယ်။ ဂျပန်တွေ စစ်ရှုံးကာနီးတစ်နှစ်လောက်ကတည်း က မိန်မလာတောင် အောက်ခြေထဲကို ရတနာ အပြည့်တင်ဆောင်လာတဲ့ ကုန်ကားတွေနဲ့ရတနာတွေဖွက်ခဲ့တယ်လို့ပြောကြတယ်။ ကမ္ဘာကလည်း ဂျပန်တွေ ရတနာဖွက်ခဲ့မယ်လို့သံသယရှိတယ်။ ဂျပန် ငွေလှိမ့်စက်တွေနဲ့ မြန်မာပြည်က ရတနာတွေကို ၀ယ်ယူခဲ့ပြီး စစ်ရှုံးမယ်သိရတဲ့အချိန်မှာ ဂျပန်ပြည်ကို ပြန်ရောက်အောင်မသယ်နိုင်ဘူးလို့တွက်ဆပြီး မြုပ်ခဲ့ဖွက်ခဲ့တယ်လို့ယူဆသူလဲရှိတယ်။ ညဘက်ဆို ကလေးငိုသံ ဘာသံညာသံကြားတယ် လို့ဆိုသူကလည်း မရှားဘူး။ ဘာဘဲပြောပြောစိတ်ဝင်စားစရာကောင်းတာတော့ တောင်ပေါ်တက်ကြည့်ရင် သိနိုင်လိမ့်မယ်ထင်တယ်။ ကုဋေပေါင်း တစ်ထောင်တန်တဲ့ မိန်မလာတောင်လို့ ဆို ကြတယ်။

သံဖြူဇရပ်မြို့ခံတစ်ဦးက သူ့အဘိုးပြောပြခဲ့တယ်လို့ဆိုတဲ့ဇာတ်လမ်းကို အခုလိုပြောပြတယ်။ ကလေးဘ၀ ဈေးရောင်းခဲ့ရတာကို ပြန်ပြောတာပါ။ စစ်ပြီးဘို့တစ်နှစ်လောက်အလိုလောက်ကနေ မိန်မလာတောင်ခြေအောက်ကို ကုန်အပြည့် ပါတဲ့ ကုန်ကားကြီးတွေ တစ်နေ့အစီးနှစ်ဆယ်လောက် ၀င်တယ်။ ကုန်သေတ္တာအပြည့်ပါတယ်။ ချွေးတပ်သားတွေက သယ်မချပြီး တောင်အောက်ဂူ ထဲထမ်းသွင်းပေးရတယ်။ စစ်ပြီးဘို့ခြောက်လအလိုလောက်မှာ ချွေးတပ်သားအယောက် နှစ်ထောင်လောက်ဟာ နေ့ခင်းဘိလပ်မြေဖျော်တဲ့အလုပ်တစ်ခုဘဲ လုပ်ပေးရတယ်။ ဘယ်မှာသုံးတယ်ဆိုတာမသိဘူး။ ဖျော်တဲ့အလုပ်တစ်ခုတည်းကိုသာ ခိုင်းတယ်လို့ဆိုတယ်။ ဂျပန်တွေ စစ်ဆုတ်မဲ့နေ့မှာ ဈေးသွားရောင်းတဲ့ကလေးတွေကို ဂျပန် စစ်ဗိုလ်တစ်ဦးက မောင်းထုတ်ပြီး ရွာအတင်းပြန်ခိုင်းတယ်။ ဘယ်ကလေးတစ်ဦးမှ ဈေးရောင်းခွင့်မရှိဘူးလို့ပြောလဲပြော မောင်းလဲမောင်းတယ်။ ဒါနဲ့ရွာရှိရာ ပြန်တာ လမ်းတစ်ဝက်လောက်မှာ ပေါက်ကွဲသံကြီးက မြေကြီးခါအောင် ပြင်းထန် သတဲ့။ ဒါနဲ့မိန်မလာတောင်ဘက် ပြေးကြည့်တော့ လူတစ်ဦးမှ မတွေ့ရတော့ဘူး။ ချွေးတပ်သားလဲမတွေ့ဘူးဂျပန်တွေကိုလည်းမတွေ့တော့ဘူး။ အထူးဆန်းဆုံးကတော့ မိန်မလာတောင်ပုံစံပြောင်းနေပြီး ဂူပေါက် ၀င်ပေါက်တွေ မရှိတော့ဘူးလို့ဆိုတယ်။ ကားဝင်လမ်းလုံးဝ ပျောက်သွားတယ်လို့ဆိုတယ်။ စဉ်းစားမိတာ က စစ်သုံ့ပန်းချွေးတပ်သားတွေ ဘယ်ရောက်သွားသလဲ။ ဂျပန်တွေ ဘယ်ရောက်သွား သလဲဆိုတာ ဂျပန်တွေဘဲသိလောက်မယ်ထင်တယ်။ မိန်မလာတောင်လည်း ပါးစပ်ရာဇ၀င် တွေ နဲ့ကျန်ခဲ့တယ်။ မိန်မလာတောင်ပေါ် တက်ကြည့်ရင်တော့ စိတ်ဝင်စားစရာအတော်ကောင်းတဲ့ ဂူပေါက်တွေ တွေ့ရတယ်။ မိန်မလာတောင် ကို ဂျပန်တွေ စစ်စခန်းဌာနချုပ်လုပ်ခဲ့တယ်လို့ထင်ရတဲ့အထောက်ထားတွေ အများကြီးတော့ တွေ့ရတယ်။ လျိုလမ်းပြေးလမ်းတွေ တောင်အပြည့်ဖေါက်ခဲ့တယ်။ အချို့ပြေးလမ်းတွေ စတုရန်းဆန်ဆန် တွေ့ရတာလဲရှိတယ်။ ဖြစ်နိုင်တာက အင်္ဂလိပ်ဗုံးကြဲလေယာဉ်တွေ ကို ပစ်ဘို့လုပ်ခဲ့တာနဲ့တူတယ်။ သဘာဝမြေသား ကျောက်သား ဂူပေါက်ဝ တွေ တွေ့သလို အတုလုပ်ထားတဲ့ ကွန်ကရစ်ဆန်ဆန် ဂူပေါက်တွေလဲ တွေ့ရတယ်။ အချို့ဂူပေါက်တွေကို ကျောက်တောင်နံရံတွေ မှာ တွေ့ပြီး အချို့ကိုတော့ ရေတွင်းသဏ္ဍာန်ဂူပေါက်တွေလဲတွေ့ရတယ်။ ဒေသခံတွေ ရော်ဘာ စိုက်လို့ပျက်သလောက် ပျက်သွားတဲ့ပြေးလမ်းတွေလဲတွေ့ရတယ်။ တောင်ပေါ်မှာ တူးရင်းဆွရင်း ရွှေစ ငွေစ ရသူလဲ ရှိကြတယ်။ ဂူပေါက်တွေ ကနေ ရတနာမုဆိုးတွေဝင် သွားတတ်ကြသလို ပြန်ထွက်နိုင်သူလဲမရှိတော့ ၀င်ရဲသူမရှိဘူးလို့ ဆိုတယ်။ အခု ပြည်တွင်း ခရီးသွားကုမ္ပဏီတချို့နဲ့နိုင်ငံခြားကုမ္ပဏီတွေက မိန်မလာတောင်ကို ခရီးသွားဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် စိတ်ဝင်စားလာကြတယ်။

သံဖြူဇရပ်မြို့က,တော့သမိုင်းဝင် သေမင်းတမန်ရထားလမ်း ၊ ပုံပြင်ဆန်လှတဲ့မိန်မလာတောင်နဲ့ ဧည့်သည်တွေကို ဆွဲဆောင်နိုင်နေပြီ ဖြစ်တယ်။
.
.
.
.
.
>မွန်တို့ဌာနေ ရာမည< စာမျက်နှာ မှ ကူးယူထားပါသည်။

ဒို သ္မိင်ဗ္လဲာ (မိန်မလာတောင်) မြန်မာဘာသာပြန်ဖြင့် မင်းပျိုတောင် ·

No comments:

Post a Comment